Thursday, December 8, 2011

အရှင်ရဌပါလ၏ ဘဝအမြင် နိဗ္ဗာန်ဝင်


အရှင်ရဌပါလ၏ ဘဝအမြင် နိဗ္ဗာန်ဝင်

အရှင်ရဌပါသည် သူ့မျက်လုံတွေ သူ့နားတွေကပင် သူကိုယ်သူ မယုံနိုင်အောင် ဖြစ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် အစ အလယ် အဆုံး ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော မြတ်ဗုဒ္ဓ၏တရားကို ကုရုတိုင်း ထုလ္လကောဌိက ပုဏ္ဏားရွာကြီးမှာ စတင်နာကြားရကတည်းက စည်းစိမ်ဥစ္စာမည်မျှပင် ချမ်းသာစေ သူ၏စိတ်အစဉ်၌ သမ္ဗာဓော ဃရာဝါသော ရဇောပထာ= လူ့ဝတ်ကြောင်ဘဝသည် သိပ်ကိုကျဉ်းပြောင်းလှ၏။လူဝတ်ကြောင်အိမ်ထောင်သည်ဘဝကား ပိုပြီးကိလေသာ မြူမှုံအညစ်ကြေးတို့၏ ပြိုးပြွမ်းထူပြော ကိလေသာတောလမ်းဟုပင် ထင်မြင်ခဲ့လေ၏။ ရဟန်းဘဝကိုလည်း အဗ္ဗောကာသာ ပဗ္ဗဇ္ဇာ= ရဟန်းဘဝဆိုတာ သိပ်ပြီးတွယ်တာစရာမရှိ ကိုသိုလ်ပြုဖို့ အခွင့်ကောင်းပိုများရကား ကောင်းကင်တမျှ ကျယ်ပြန့်လှ၏ ဟုထင်မြင်လေ၏။
မြတ်ဗုဒ္ဓကလည်း "ဒီယုန်မြင်လို့ ဒီချုံထွင်တယ်ဟု" ပင် ဆိုရလေမလားမသိ၊ ရဌပါလအမျိုးသားလေး ရဟန်းပြုကာ နောင်တချိန် ဘဝအမြင်ဖြင့် နိဗ္ဗာန်ဝင်မည်ကို ကြိုတင်သိတော်မူသောကြောင့် ကုရုတိုင်း ထုလ္လကောဌိက ပုဏ္ဏားရွာကြီးသို့ အရောက်ကြွတော်မူခဲ့၏။

Friday, October 28, 2011

မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သင်္ကန်းအလှူ...

ဒက္ခိဏာဝိဘင်္ဂသုတ်


အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ ''မြတ်စွာဘုရား အကျွန်ုပ်သည် အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံ တော်မူ ပါလော့'' ဟု ဤစကားကို လျှောက်ထား၏။

ဤသို့ လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့''ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ...

''မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရား ကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက် ထားပါ၏၊ မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော် မူပါလော့'' ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ် မြောက်လည်း မဟာပဇာပတိဂေါတမီကို ''ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည် ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့'' ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို။ ပ ။ 376



ဤသို့ မိန့်တော်မူသည် ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား...
''မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော် မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီ သည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေး ဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော် နတ်ရွာစံသည် ရှိသော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊

မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏၊
မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်

ဘုရားကို ဆည်းကပ်ပါ၏၊
တရားကို ဆည်းကပ်ပါ၏၊
သံဃာကို ဆည်းကပ်ပါ၏၊
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊
မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊
သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊

မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည်...

ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊
အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။
ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊
ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊
မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူးများပါ၏'' ဟု ဤစကားကို လျှောက်ထား၏။ 377



အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေ ပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မုသား ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့် ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကိုကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း 'သမုဒယသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ 'နိရောဓသစ္စာ' ၌ ယုံမှားကင်း၏၊ ဒုက္ခ၏ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော 'မဂ္ဂသစ္စာ' ၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူး တုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူး တုံ့ပြန်ခြင်း ဟု ငါမဟော။ 378




ပုဂ္ဂလိက အလှူ တစ်ဆယ့်လေးမျိုး...

အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။
အဘယ် တစ်ဆယ့်လေးပါးတို့နည်းဟူမူ-

၁။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊

၂။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊

၃။ ဘုရား၏ တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊

၎။ အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၅။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၆။ အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ
ကို ပေးလှူ၏၊

၇။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၉။ သောတာပန် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၁။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၂။ သီလရှိသော ပုထုဇဉ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊

၁၃။ သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊

၁၄။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊

အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင်...
(ဘ၀ အရာ၊ အထောင်ဖြစ်သည်။ တစ်ရာ၊ တစ်ထောင်မဟုတ်။)
တိရစ္ဆာန်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ(ဘဝ)အရာ မချွတ်ဖြစ် လတ္တံ့။

သီလ မရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုးအဆ (ဘဝ) အထောင် မချွတ်ဖြစ် လတ္တံ့။

သီလ ရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၍ အလှူ၏ အကျိုး အဆ (ဘဝ) အသိန်း မချွတ် ဖြစ်လတ္တံ့။

သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုးအဆ(ဘဝ)ပေါင်း ကုဋေအသိန်း မချွတ် ဖြစ်လတ္တံ့။

သောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏ အကျိုး မချွတ် ဖြစ်လတ္တံ့။

သောတာပန်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။

သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အနာဂါမိဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အနာဂါမ်ပုဂ္ဂိုလ်အား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ် ရာ ရှိအံ့နည်း။

ရဟန္တာအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပစ္စေကဗုဒ္ဓါအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။

ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ 379




သံဃိက အလှူ ခုနစ်ပါးမျိုး...

အာနန္ဒာ သံဃိက ဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။

အဘယ် ခုနစ်ပါးတို့ဟူမူ-

၁။ ဘုရား အမှူးရှိသော နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၂။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောက်ျား ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၃။ ရဟန်းယောက်ျား သံဃာအား အလှူကို ပေးလှူ၏၊

၎။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊

၅။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို လည်းကောင်း၊ ရဟန်းမိန်းမတို့ကို လည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ ဟု အလှူကို ပေးလှူ၏၊

၆။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းယောက်ျားတို့ကို သံဃာမှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊

၇။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက် ရှိသော ရဟန်းမိန်းမတို့ကို သံဃာ
မှ ညွှန်းချပါ ကုန်လော့ ဟု အလှူကို ပေးလှူ၏၊

အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလ မရှိကုန်သော ယုတ်မာသော တရား ရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊

ထိုသီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန် လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိက အလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ ဟု ငါဟော၏၊

အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိက ဒါနကို အထူးသဖြင့် အကျိုးများ၏ ဟု ငါမဟော။ 380




အလှူ၏ စင်ကြယ်ခြင်း လေးမျိုး...

အာနန္ဒာ အလှူ၏ စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။
အဘယ် လေးပါးတို့နည်းဟူမူ-

၁။ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။

၂။ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။

၃။ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ်သော အလှူလည်း ရှိ၏။

၎။ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူလည်းရှိ၏။

၁။ အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။

၂။ အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူ ဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။

၃။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလညှ်း မစင်ကြယ် သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလ မရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ မရှိကုန်၊ ယုတ်ညံ့သော အကျင့်တရား ရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။

၎။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလညှ်း စင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် လည်း သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလ ရှိကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူ သည် လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။

အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်း ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော် မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ - 381




မည်သည့်အလှူသည် အကျိုးကြီးသနည်း...

''အကြင် သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင် သီလ မရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့် ရအပ်သော ပစ္စည်းကို မကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို မယုံကြည်ဘဲ သီလ မရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါ မဟော။

အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ် ပြန့်ပြောသော အကျိုးရှိ၏ ဟု ငါဟော၏။

အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ် မြင့်မြတ်သော ကံ၏ အကျိုးကို အလွန် ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂ မကင်းသော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ ဟု ငါဟော၏ ဟု မိန့်တော်မူ၏။ 382

၁၂ - ဒက္ခိဏာဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အရှင်မောဂ္ဂလာန်နဲ့ အရှင်ပိဏ္ဍောလ



ဘုရားရှင်က မကုဠတောင်မှာ ဆဋ္ဌမြောက်ဝါကို ဆိုတော်မူပြီးနောက် ၀ါကျွတ်သဖြင့် ပုရိမ၀ါမှ ထပြီး ထုံးစံအတိုင်း ဒေသစာရီကြွချီခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဒေသစာရီကြွပုံက တုရိတာစာရိကနှင့် အတုရိကာစာရိက ဆိုပြီး နှစ်မျိုးရှိတယ်။ တုရိတစာရိက (ရုတ်တရက် ဒေသစာရီကြွချီတော်မူခြင်း) ဆိုတာက အာဠ၀ကဘီလူးကြီးလို ခြွေချွတ်တော်မူဖို့တို့ အင်္ဂုလိမာလလို ခြွေချွတ်တော်မူတို့ဖို့လို့တဲ့ အတွက်ဖြစ်ပါတယ်။ အတုရိတစာရိကာကျတော့ ၀ါကျွတ်ပြီးနောက် ၀ါဆိုတဲ့ကျောင်းမှာ ပါရမီရင့်တဲ့ပုဂ္ဂိုလ်ရှိသေးရင် သူတို့မဂ်ဖိုလ်ရဖို့ငဲ့ပြီး ဆက်လက်သီတင်းသုံးတယ်။ မရှိတော့လျှင် ဒေသစာရီကို ၀ါကျွတ်သမျှ ကာလပတ်လုံး ၀ါဆိုသည့်အထိ ဒေသစာရီကြွချီတော်မူတယ်။ ခု ဘုရားရှင် အစဉ်အတိုင်း ဒေသစာရီကြွချီစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းလေးကို တင်ပြပါမယ်။

ရာဇဂြိုဟ်မြို့က ဘာသာမဲ့ကို အားထားကိုးကွယ်တဲ့ ဘာသာမဲ့သူဌေးတစ်ဦးဟာ မြစ်ထဲရေ၀င်ချိုးတုန်း မြစ်ကမ်းနဖူးပေါ်အ၀တ်ထားခဲ့ရင်လည်း သူခိုးရန်ကြောက်ရ။ မြစ်ထဲထားရင်လည်း ရေပါမှာကြောက်ရနဲ့မို့ အ၀တ်တွေကို ပိုက်ကွန်တစ်ခုထဲထည့်ပြီး ရေချိုးနေကြတယ်။ အဲဒီအချိန် မြစ်ညှာက စန္ဒကူးပင်တစ်ပင်ဟာ ရေတိုက်စားမှုကြောင့် ရေအိုးလုံးလောက်ပဲကျန်တော့တဲ့ အပိုင်းတစ်ခုဟာ သူတို့ရဲ့ ပိုက်ကွန်မှာ လာငြိနေပါတယ်။ သူဌေးက အဲဒါကိုယူလာပြီး အိမ်မှာလည်း စန္ဒကူးသားက အများသား။ ဒါက ပိုနေတယ်။

Monday, October 17, 2011

ရဋ္ဌပါလ ရဟန်းတော်နှင့် ကောရဗျမင်း

ဘုရားရှင်လက်ထက် ကုရုတိုင်းပြည်တွင် ကောရဗျမင်း အုပ်စိုးသည်။ ထိုတိုင်းပြည်တွင် ရဋ္ဌပါလ သူဌေးသားတစ်ဦးရှိသည်။ သူသည် အသက်ငယ်ရွယ်သူဖြစ်သလို စည်းစိမ်ချမ်းသာများနှင့်လည်း ပြည်စုံသူဖြစ်သည်။ဘုရားရှင်ဟာ ကုရုတိုင်း ထုလ္လကောဋ္ဌိက နိဂုံးရွာသူ ရွာသားများအား တရားဟောတော်မူတယ်။ တရားနာပရိတ်သက်ရဲ့အစွန်ဆုံး မှာ ရဋ္ဌပါလသူဌေးသားလည်း တရားလာနာပါတယ်။ တရားအဆုံးမှာ ရဌပါလသူဌေးသား ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ တရာတော်များအပေါ် သူ့အမြင်ကိုသုံးသပ်တယ်။ ဘုရားရှင်ဟောကြားသည့်တရားတော်များအရ ဆိုရင်တော့ လူ့ဘောင်မှာနေလို့မသင့်၊ ရဟန်းဘောင်တက်ပြီး ကျင့်မှဖြစ်မယ်ဆိုတာကိုသဘောပေါက်တယ်။ ဒါနဲ့မိဘများထံခွင့်ပန် ဘုရားရှင်ထံပြန်လာပြီး ရဟန်းပြုပါတယ်။ ဒီလိုနဲ့ ရဋ္ဌပါလရဟန်းဟာ ဘုရားရှင်နဲ့အတူ သာဝတ္ထိမြို့ဇေတ၀န်ကျောင်းသို့လိုက်ပါလာခဲ့တယ်။ဇေတ၀န်ကျောင်းတော်သို့ ရောက်တယ်ဆိုရင်ပဲ အရှင်ရဋ္ဌပါလရဟာ တပါးတည်းဆိတ်ငြိမ်တဲ့နေရာကိုသွားပြီးတရားအားထုတ်လိုက်ရာ ရက်အနည်းငယ်အတွင်းမှာပဲရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

Monday, October 10, 2011

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ( သီလ၀ိသုဒ္ဓိတရားတော် )







  သီလ၀ိသုဒ္ဓိတရားတော်

ဒီကနေ့ ဟောကြားမယ့် တရားတော်ကတော့ ၀ိသုဒ္ဓိ (၇)ပါးထဲက “သီလ၀ိသုဒ္ဓိ” တရားတော်တဲ့၊ အမြင့်အရပ်မှာရှိတဲ့ အရာတ္တေုကို ယူချင်လို့ရှိရင် လှေခါး စသည်တို့ နဲ့  တက်ပြီးတော့ယူရပါတယ်။ အဲဒီလိုပါပဲ၊ အဆင့်မြင့် ၀ိပဿနာတရားတွေ အားထုတ်ပြီးတော့ မဂ်ဖိုလ်ဉာဏ်ယူတော့မယ်ဆိုလို့ ရှိရင်လဲပဲ ၀ိသုဒ္ဓိဆိုတဲ့ လှေခါးနဲ့ တက်ပြီးတော့ ယူရပါတယ်၊ အဲဒီ ၀ိသုဒ္ဓိ (၇)မျိုးရှိတယ်၊

 (၁) သီလ၀ိသုဒ္ဓိ
 (၂) စိတ္တ၀ိသုဒ္ဓိ
 (၃) ဒိဋ္ဌိဝိသုဒ္ဓိ
 (၄) ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ
 (၅) မဂ္ဂါ မဂ္ဂဉာဏ ဒဿန၀ိသုဒ္ဓိ
 (၆) ပဋိပဒါဉာဏ ဒဿန၀ိသုဒ္ဓိ
 (၇) ဉာဏဒဿန ၀ိသုဒ္ဓိ လို့  (၇)မျိုးရှိတယ်၊
အဲဒီ (၇)မျိုးထဲက ယနေ့  ဟောမယ့်ဟာက နံပါတ်(၁) သီလ၀ိသုဒ္ဓိတရားတော်တဲ့၊ နဂိုက တရားအားထုတ်မယ့် ပုဂ္ဂိုလ်တွေမှာ သီလရှိပေ မယ့်လို့ အဲဒီသီလတွေက ကျိုးပေါက်ပြောက်ကျားမှု ရှီချင်ရှိနေမယ်၊ အဲဒီလို သီလတွေ မလုံ မခြုံ ဖြစ်နေရင် သမာဓိ ရဘို့  ၀ိပဿနာဉာဏ်ဖြစ်ဖို့ က မလွယ်ပါဘူး၊ ဒါကြောင့်မို့ လို့  တရား အားထုတ်တော့မယ်ဆိုရင် သီလစင်စင်ကြယ်ကြယ် လုပ်ရပါတယ်။
               လူတွေဆိုလို့ ရှိရင်လဲ သီလတွေထပ်ယူရတယ်၊ ရဟန်းတော်များဆိုလို့ ရှိရင်လဲ ပါတိမောက္ခ သံဝရသီလ တွေကောင်းမွန်အောင်မကျိုးမပေါက်အောင်ထိန်းသိမ်းထားရ
တယ်၊ အဲဒီလို မိမိတို့ ဆောက်တည်ထားတဲ့သီလ မပျက်မပြယ်စင်ကြယ်ပြီးတော့ နေတာကို သီလ၀ိသုဒ္ဓိ လို့ ခေါ်ပါတယ်၊ အဲဒီသီလကလဲပဲ အမျိုးမျိုးရှိပါတယ်၊ ရိုးရိုး သီလရှိတယ်၊ အဲဒီထက်မြင့်မြတ်တဲ့ ဥပသီလ ရှိတယ်၊ အမြတ်ဆုံးဖြစ်တဲ့ ပရမတ္တသီလ ဆိုတာရှိပါတယ်၊ ရိုးရိုး သီလဆိုတာကတော့ စီးပွားဥစ္စာတွေ ဗဟိဒ္ဓပစ္စည်းတွေ ပျက်စီး ပျက်စီးပစေ၊ သီလတော့ မပျက်စီးစေရဘူးဆိုတဲ့သဘောနဲ့ ၊ စောင့်ထိန်းတာကို ရိုးရိုးသီလစောင့်ထိန်းတယ်လို့ ခေါ်တယ်၊ အဲဒီထက်မြင့်မြတ်တဲ့ သီလစောင့်ထိန်းနည်းကတော့ မိမိခန္ဓာကိုယ်မှာရှိတဲ့ လက် ခြေ နား နှာခေါင်း အစရှိတဲ့ ကိုယ်လက် အင်္ဂါတွေ ပျက်စီးချင်ပျက်စီးသွားပစေ၊ ကိုယ်လက် အင်္ဂါတွေ ဆုံးရူံးချင်ဆုံးရူံးသွားပစေ၊ သီလကိုတော့ မပျက်စေရဘူးလို့  အဲဒီလို ကိုယ်လက်အင်္ဂါ အဆုံးရူံးခံပြီးတော့ စောင့်ထိန်းတာကို ဥပသီလ မြင့်မြတ်တဲ့သီလ လို့  ခေါ်တယ်။

Friday, October 7, 2011

သီတင်းကျွတ်ပွဲတော်နှင့် ကောင်းမြတ်တဲ့အစဉ်မင်္ဂလာ



ဆယ့်နှစ်လရာသီ တစ်ခုလုံးကို ပွဲတော် အသီးသီးနှင့် တန်းဆာ ဆင်ထားတဲ့ မြန်မာတို့ ရိုးရာလေးက ချစ်စရာ၊ မြတ်နိုး စရာလေးပါ။ သေချာ စဉ်းစားကြည့်ရင် အဲဒီထဲမှာ ချစ်မြတ်နိုးစရာ အကောင်းဆုံးက သီတင်းကျွတ်လ မီးထွန်းပွဲ လို့ ထင်မိတယ်။

“သီတင်းကျွတ်လ ဆီးမီးထွန်းပွဲ” ဆိုတာလေးကို ကလေးငယ် ဘဝကတည်းက သိကြ၊ နှုတ်ကျိုး နေကြပါတယ်။ “သီတင်းကျွတ်လ မီးထွန်းပွဲ” ဆိုတဲ့ အတိုင်းပဲ ဒီပွဲတော်မှာ မီးတွေ ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး သုံးရက်ကြာ ထွန်းကြပါတယ်။ လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက် ညတွေမှာပေါ့။ 

ဗုဒ္ဓဘာသာဝင်တွေအတွက် သိထိုက်သင့်သော အချက်အလက်များ




                          “ အပါယ်လေးပါး ”
 (၁) ငရဲ = ချမ်းသာအနည်းငယ်မျှ မရှိဘဲ၊ မီးတောက်မီးလျှံ၊ ဒါးလှံစက်တို့၌ ခံရခြင်းကို“ငရဲ”ဟု
ခေါ်ပါသည် ။
(၂) တိရစ္ဆာန်= တရားမသိ၊ စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းကိုသာ သိသောသတ္တ၀ါ ၊
မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော “သတ္တ၀ါ” ။

(၃) ပြိတ္တာ= ချမ်းသာသုခမှ ကင်းဝေးသောဖုတ်တစ္ဆေ စသော သတ္တ၀ါ ။
(၄) အသူရကာယ်= စည်းစိမ်ချမ်းသာမြူးတူးခြင်း စသည်တို့ဖြင့် မမြူးတူးမထွန်းပတတ်သော“သတ္တ၀ါ”

                         “ ကပ်သုံးပါး ”
(၁) ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း ။
(၂) သတ္တန္တရကပ် = သေစေတတ်သော ဓါး၊ လှံ၊ သေနတ်၊ စသောလက်နက်တို့ဖြင့်၊ အချင်းချင်း
တိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း ။
(၃) ရောဂန္တရကပ်= ကူးစက်တတ်သော အနာရောဂါ ကျရောက်သဖြင့် မျာစွာသေကြေပျက်စီးခြင်း ။ ။